ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ သုံ့ပန်းဗိုလ်ကြီး ၁ဦးအပါအဝင် ၁၂ဦးသေဆုံးကာ ထိခိုက်သူ ၆၀ကျော်ရှိခဲ့ကြောင်း မန္တလေး PDF က သတင်းထုတ်ပြန်ပါတယ်။
မနေ့က အောက်တိုဘာလ (၂၈)ရက်နေ့ ညနေ ၆နာရီခွဲအချိန်မှာ မန္တလေး PDF ရဲ့ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်ကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု(၂)ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနဲ့ အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံကို ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း(၈)ဦး အပါအဝင် စုစုပေါင်း (၁၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ဦးဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားသော သုံ့ပန်းများမှာ ခမရ ၇၀၈မှ ဗိုလ်ကြီးထွန်းနိုင်( ၃၁နှစ်)၊ ဒုတပ်ကြပ် ထက်နောင်နောင်စိုး(၃၆နှစ်)၊ တပ်ကြပ်ကြီးစာရေး ရန်နိုင်အောင်(၃၃နှစ်)၊ ဒုတပ်ကြပ် သီဟငြိမ်း (၄၁နှစ်)၊ ဒုတပ်ကြပ်ဖိုးချို (၂၃နှစ်)၊ တပ်ကြပ်ခင်မောင်ထွန်း( ၄၃နှစ်)၊ ပျူစောထီး နန်းမြို့ဦး( ၄၁နှစ်)၊ ပျူစောထီး သန်းဇော် (၃၃နှစ်)တို့ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီက ၄င်းတို့ရဲ့ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။
လေယာဉ်ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သုံ့ပန်းများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
More Stories
ငါန်းဇွန်မှာ စက်တပ်လေထီးနဲ့ရော လေယာဉ်နဲ့ပါဗုံးကြဲလို့ မိသားစုလိုက်သေဆုံးပြီး ၃ဦးမှာ အလောင်းပြန်မရနိုင်အောင်ပျက်စီးခဲ့
တောင်သာမှာ စစ်ကောင်စီက လေထီးမှာ စက်တပ်ပြီး စတင် ဗုံးကြဲတိုက်ခိုက်လာ
နခခ ၅တိုက်ပွဲမှာ စကစ Y 12 ကို ပစ်ခတ်နေတဲ့ AA ရဲ့ လေယာဉ်ပစ်လက်နက်